Subject: မြန်မာ့အရေးအခြေအနေများ—လုပ်သားရေးရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ အမြင်များနှင့် ရခိုင်ပြည်နယ်လုံခြုံရေး

In Burmese: Three commentaries on labour affairs, electoral conditions, and security in Rakhine State in Myanmar.
Was this forwarded to you? Sign up here

This commentary was first published in English as 'The Deepening Labor Crisis and Myanmar Election'.


လုပ်သားအရေး အကျပ်အတည်း နက်ရှိုင်းလာမှုနှင့် မြန်မာ့ရွေးကောက်ပွဲ

ဆုလာဘ်ဖြူ*


အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမား အခွင့်အရေးများအပေါ် ပြင်းထန်စွာ ဖိနှိပ်ချုပ်ချယ်မှုများကို ဆက်လက်ရှုတ်ချလျက်ရှိသည်။ သို့သော်လည်း ဆုလာဘ်ဖြူ ၏ ယခုဝေဖန်သုံးသပ်ချက်တွင် ဖော်ပြထားသည့်အတိုင်း စစ်ကောင်စီသည် ၎င်းတို့၏ တရားဝင်မှုကို ရရှိရန်အတွက် အတုအယောင် ရွေးကောက်ပွဲတစ်ခုကို ဆက်လက် လုပ်ဆောင်ရန် ကြိုးပမ်းနေချိန်တွင် ဖိနှိပ်မှုများမှာ ပိုမိုပြင်းထန်လာနေသည်။ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များ အဖမ်းခံရခြင်း၊ ပြည်တွင်းနေရပ်စွန့်ခွာရသူများ တိုးပွားလာခြင်းနှင့် လူငယ်များမှာလည်း အဓမ္မစစ်မှုထမ်းရမည့် ဘေးမှလွတ်မြောက်ရန် နိုင်ငံပြင်ပသို့ ထွက်ပြေးနေကြရသဖြင့် လူနေမှုဘဝ အခြေအနေများမှာ ပိုမိုဆိုးရွားလာလျက်ရှိသည်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ နိုင်ငံတော် ယန္တရား ပျက်ပြားခြင်း နှင့် ပဋိပက္ခသံသရာများကို ဖြေရှင်းနိုင်ရန် အတွက် စစ်အုပ်ချုပ်ရေး အဆုံးသတ်ရန်မှာ ယခင်ကထက်ပင် ပိုမိုအရေးကြီးလာပါသည်။


  ရန်ကုန်ရှိ စက်ရုံတစ်ခုတွင် လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် ထိုင်သပိတ်ပြုလုပ်၍ ဆန္ဒပြနေစဥ်။ (MLA)

နိဒါန်း 


မြန်မာနိုင်ငံ၏ လုပ်သားထုသည် လက်ရှိကာလတွင် ပြည်တွင်းနှင့် ပြည်ပ အလုပ်ခွင်များ၌  ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ အဓိကအားဖြင့် လုပ်ခလစာဆိုင်ရာ နစ်နာမှုများ၊ ဂုဏ်သိက္ခာမဲ့စွာ လုပ်ကိုင်နေရမှုများ၊  အလုပ်ချိန်ပို ဖိအားပေးခံရမှုများ နှင့် ရွှေ့ပြောင်းလုပ်သားအရေး စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်ကို တွေ့ရှိရသည်။ ဤအကျပ်အတည်း၏ အဓိကဗဟိုချက်မှာ စစ်အစိုးရမှ ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ (People’s Military Service Law) ကို ပြန်လည်အသက်သွင်းခြင်းပင်ဖြစ်သည်။ ဤဥပဒေကြောင့် လူငယ်များသည် အဓမ္မစစ်မှု ထမ်းစုဆောင်းခံရမည်ကို စိုးရိမ်ကြောက်လန့်မှု ခြိမ်းခြောက်မှုနှင့်စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်။ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှု၊ အဓမ္မလုပ်အားခိုင်းစေခံရမှု၊ စစ်မှုထမ်းဖိအားပေး ခေါ်ဆောင်ခံရမှု၊ စစ်မှုထမ်းဥပဒေ၏ ခြိမ်းခြောက်မှု စသည့် ဖိအားပေါင်းစုံ  ဖြစ်ပေါ်နေသည့် အခြေအနေများသည် မြန်မာ့လုပ်သားထု၏ အခွင့်အရေးများကို စနစ်တကျ ချိုးဖောက်နေမှုကို ထင်ဟပ်ပြသနေပါသည်။ လာမည့် “အရေခြုံ ရွေးကောက်ပွဲ” က ဤအကျပ်အတည်းကို ဖြေရှင်းပေးနိုင်ခြင်းထက် ပိုမိုနက်ရှိုင်းစေရန်သာ အလားအလာရှိနေသည်။


This commentary was first published in English as 'Lives of Myanmar Migrant Workers in Yunnan, China'.


တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ဘဝ

စာရေးသူ - အယ်လ်ဗီနာ


ပဋိပက္ခ၊ အိုးအိမ်စွန့်ခွာရမှုနှင့် ဆင်းရဲမွဲတေမှုတို့သည် မြန်မာနိုင်ငံသားများကို အိမ်နီးချင်းနိုင်ငံများသို့ ဆက်လက်ထွက်ခွာစေသည့် အဓိကအကြောင်းရင်းများ ဖြစ်နေဆဲပင်ဖြစ်သည်။ ဤသုံးသပ်ချက်တွင် အယ်လ်ဗီနာသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ကြံလုပ်ငန်းတွင် အလုပ်ရကြသည့် ရွှေ့ပြောင်းနေထိုင်သူများ၏ ဘဝများကို သုံးသပ်ထားပါသည်။ ဤနေရာ၌ ဘဝအာမခံချက်မရှိ၊ ခက်ခဲသောအခြေအနေဖြင့် နေထိုင်ကြရသည်။ ၎င်းတို့သည် ပြည်တွင်းစစ်ဖြစ်ပွားနေသော ဇာတိမြေမှ ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်သည်။ မိသားစုကိုထောက်ပံ့ရန် နေရပ်သို့ ငွေကြေးများ ပေးပို့ကြသကဲ့သို့ အချို့မှာ ကလေးများကို ဒေသတွင်းကျောင်းများ၌ ထားနိုင်ခဲ့ကြသည်။ ဤရွှေ့ပြောင်းလုပ်သားများကြောင့် တရုတ်နိုင်ငံ၏ ကြံထုတ်လုပ်မှုသည် ဆက်လက်ရှင်သန်နေခဲ့ပြီး၊ ကျဆင်းနေသော စက်မှုလုပ်ငန်းကိုပြန်လည်အသက်ဝင်စေခဲ့သည်။ သို့သော် အယ်လ်ဗီနာ ရှင်းပြထားသည်မှာ ခရီးသွားလာရေးနှင့် စာရွက်စာတမ်းကိစ္စများက လုံခြုံမှုမရှိသည့်အတွက် နေရပ်သို့ ပြန်နိုင်ပါ့မလားဆိုသည်ကို အများစုက စိုးရိမ်ပူပန်နေကြသည်။


တရုတ်နိုင်ငံ၊ ယူနန် (Yunnan) ပြည်နယ်ရှိ မြန်မာ ရွှေ့ပြောင်းကြံစိုက်ခင်းလုပ်သားများ။ (Jun Borras)

နိဒါန်း 


ကျွန်မတို့ ရောက်သွားတဲ့အချိန်က နေ့လယ်စာ စားပြီးခါစအချိန်မို့ နေက အတော်လေးပြင်းပါတယ်။ သူတို့အိမ်လေးက ကားလမ်းမကြီးဘေးမှာရှိတဲ့ ကုန်းမြင့်လေးတစ်ခုအပေါ်မှာရှိတယ်။ အိမ်က မိသားစု သုံးစုလောက် အတူတူစုနေတဲ့ မြေစိုက်အိမ်လေးပါပဲ။ အဲဒီအိမ်မှာ ကျန်းဝေ နဲ့ သူ့ရဲ့ ဇနီး၊ သားသမီးတွေ၊ သူ့ရဲ့အဖေ၊ ညီလေး၊ ပြီးတော့ သူ့အဒေါ်ရယ်၊ အဒေါ်ရဲ့ ခင်ပွန်းတို့ အားလုံး စုပေါင်းနေထိုင်ကြတယ်။ ဒီတော့ ခန့်မှန်းခြေလူဦးရေ ၁၁ ဦးလောက်ရှိပါတယ်။


အိမ်ကကုန်းမြင့်ပေါ်မှာမို့ လေတိုက်ခတ်နေသလို၊ ကားလမ်းမကြီးဘေးမှာမို့ ကားသံတွေကိုလည်း ကြားနေရတယ်။ ဆောင်းတွင်းမှာတော့ တော်တော်လေးအေးမှာပဲလို့ ကျွန်မစိတ်ထဲ ခန့်မှန်းမိတယ်။ သူနဲ့ သူ့အဖေက ကျွန်မတို့နဲ့ စကားပြောရင်း စီးကရက်သောက်နေကြတယ်။ လေကအေးနေပေမယ့် နေရဲ့ အပူရှိန်ကတော့ ကျစ်ကျစ်တောက်အောင် ပူပြင်းလှပြန်တယ်။


ဒီအိမ်လေးက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အတွင်းက ကောင်တီ (County) တစ်ခုဖြစ်တဲ့ လင်ချန် (Lincang) စည်ပင်သာယာနယ်မြေထဲမှာတည်ရှိပါတယ်။ စီးပွားရေးကတော့ စိုက်ပျိုးရေးနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးကို အခြေခံထားပါတယ်။ ဒီဒေသဟာ နယ်စပ်တစ်ဖက်က ရှမ်းပြည်နယ်ရဲ့ သီးသန့်တည်ရှိနေတဲ့တောင်တန်းဒေသတွေနဲ့ နှစ်ပေါင်းများစွာကတည်းက ဆက်နွယ်မှုရှိခဲ့တယ်။ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲကို စီးဝင်လာမှုဟာ ၁၉၉၀ ပြည့်နှစ်များကတည်းက စတင်ခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်က တရုတ်ပြည်တွင်းမှာ ကျေးလက်ကနေမြို့ပြကို ကြီးမားတဲ့ရွှေ့ပြောင်းနေထိုင်မှုကြီးဖြစ်ပွားနေမှုနဲ့ တစ်ပြိုင်တည်း ဖြစ်ပေါ်ခဲ့ချိန်ဖြစ်တယ်။


"ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးမှာ ကလေးငါးယောက် ရှိပါတယ်။ အကြီးဆုံးသမီးက ၁၃ နှစ် ရှိပါပြီ၊ အငယ်ဆုံးက ၅ နှစ်ပါ။ ဒီအိမ်မှာ ကျွန်တော်တို့မိသားစုရယ်၊ ကျွန်တော့်အဖေနဲ့ ညီလေးရယ် အတူနေကြတယ်။ အဖေ့ဝမ်းကွဲညီမလင်မယားလည်း ကျွန်တော်တို့နဲ့အတူ ဒီမှာပဲနေပါတယ်။ ကျွန်တော့်အမေကတော့ မြန်မာနိုင်ငံမှာနေတယ်။ ကိုဗစ်-၁၉ကပ်ရောဂါ မဖြစ်ခင်တုန်းကတော့ အမေက ဒီကိုလာပြီး ခဏနေဖူးတယ်။ ကျွန်တော်တို့က မောင်နှမလေးယောက်ရှိတယ်။ နှစ်ယောက်ကတော့ မြန်မာနိုင်ငံမှာနေကြတယ်။ ၂၀၁၅ စစ်ပွဲ (မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ) ကြောင့် အဖေနဲ့ ညီလေးရယ်၊ ကျွန်တော့်အမျိုးသမီး၊ နောက်ပြီးကလေးနှစ်ယောက်နဲ့အတူ ကျွန်တော်တို့ ဒီဘက်ကို ရောက်လာခဲ့ကြတယ်" လို့ အသက် ၃၆ နှစ်အရွယ် ကျန်းဝေက သူ့ရဲ့ မိသားစုအကြောင်း ကျွန်မတို့ကို ပြောပြတယ်။


အိမ်လေးရဲ့ အတွင်းပိုင်းမှာ အကန့်တွေအများကြီး ကန့်ထားတာကြောင့် သူ မရှင်းပြလည်း ဒီ ကုန်းမြင့်ထက်က မြေစိုက်အိမ်ကလေးမှာ မိသားစုတစ်စုထက်မက နေထိုင်ကြတယ်ဆိုတာ ကျွန်မတို့ ခန့်မှန်းလို့ရနိုင်ပါတယ်။ နောက်ပြီးလှန်းထားတဲ့ ကလေးအဝတ်တွေကြောင့် ကလေးတွေများတဲ့ မိသားစုဆိုတာကိုလည်း တွေးကြည့်လို့ရပြန်ပါတယ်။ သူတို့ ဒီကို အကြောင်းမဲ့ရောက်လာခဲ့ကြတာ မဟုတ်ပါဘူး။ သူတို့ဟာ စစ်ပွဲကြောင့်သာ နေရပ်စွန့်ခွာခဲ့ရပြီး ဒီနေရာကို ရွှေ့ပြောင်းလာခဲ့ကြရတာပါ။


This commentary was first published in English as 'The Search for Arakan's Security amidst Myanmar's Uncertain Future'.


မရေရာသော မြန်မာ့အနာဂတ်အလယ်တွင် ရခိုင်ပြည်လုံခြုံရေးကို ရှာဖွေခြင်း

နိုင်းလင်း၏ မြန်မာအရေးဆောင်းပါး


လာမည့်လတွင် ကျင်းပမည့် ရွေးကောက်ပွဲအချိန်နီးကပ်လာသည်နှင့်အမျှ မြန်မာစစ်‌ကော်မရှင်သည် နိုင်ငံတစ်ဝန်းရှိ အတိုက်အခံတော်လှန်ရေးနယ်မြေများတွင် စစ်ဆင်ရေးများကို ပိုမိုပြင်းထန်စွာ လုပ်ဆောင်လျက်ရှိပြီး အရပ်သား ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများလည်း ပါဝင်သည်။


အဓိကတိုက်ပွဲဖြစ်ပွားရာ နေရာတစ်ခုမှာ ရခိုင်ပြည်ဖြစ်ပြီး၊ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်အများစုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan-ULA) က ထိန်းချုပ်ထားသည်။ ဤဆောင်းပါးတွင် နိုင်းလင်းက လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ဖော်ပြ၍ ရခိုင်ဒေသ၏ နိုင်ငံရေးလမ်းကြောင်းသည် နိုင်ငံ့အခြားဒေသများ နှင့် ကွဲပြားသွားမည်လားဆိုသည်ကို မေးခွန်း ထုတ်ထားသည်။


အထူးစိန်ခေါ်မှုတစ်ရပ်မှာ ဘင်္ဂလားဒေ့ရှ်နယ်စပ် မြောက်ဖက်မြို့နယ်များတွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးကို စိုးရိမ်နေချိန်တွင် မြန်မာစစ်‌ကော်မရှင် မှာ ဒေသခံလူထုများကြားတွင် “ခွဲခြားအုပ်ချုပ်ရေး”  (‘divide-and-rule’ ) နည်းဗျူဟာကို ကျင့်သုံးလျက်ရှိသည်။ နိုင်းလင်းမှ အခိုင်အမာဆိုသည်မှာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ဒေသခံလူထုများအကြား ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ပံ့ကူညီရန်နှင့် လူသားအားလုံးအတွက် တစ်ဦးချင်းလူ့အခွင့်အရေးများကို ကာကွယ်ပေးရန် အရေးကြီးကြောင်း ဖြစ်သည်။


  မြန်မာစစ်တပ် ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရသည့် မင်းပြားမြို့နယ်မှ ဆေးရုံ။ (aainfodesk)

မြန်မာနိုင်ငံ၏ အနာဂတ်တွင် မရေရာမှုများ ကြီးမားနေဆဲ ဖြစ်နေသည်။ ၂၀၂၁ ဖေဖော်ဝါရီလတွင် ရွေးကောက်ခံ အစိုးရခေါင်းဆောင်များထံမှ အင်အားဖြင့် အဓမ္မ အာဏာသိမ်းခဲ့ပြီးနောက်၊ နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများသည် ယခုအခါ သူတို့၏ အုပ်ချုပ်ရေးအောက်တွင် ‘တရားဝင်မှု’ (legitimacy) ကို ရရှိစေရန်အတွက် ‘အထွေထွေရွေးကောက်ပွဲ’ ဟုခေါ်သော လုပ်ကွက်တစ်ခုကို အကောင်အထည်ဖော်ရန် ကြိုးဖမ်းနေကြသည်။ ဤလမ်းကြောင်းကို အထောက်အကူပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy-NLD) အပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy-SNLD) နှင့် ရခိုင်အမျိုးသားပါတီ (Arakan National Party-ANP) ကဲ့သို့ အဓိက တိုင်းရင်းသား ပါတီများကို ဖျက်သိမ်း (သို့မဟုတ်) ဝင်ပြိုင်ခွင့်မှ ထုတ်ပယ်ထားသည်။ သို့သော် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု (သို့မဟုတ်) ဂုဏ်သိက္ခာရှိမှု နှင့် အားလုံးပါဝင်နိုင်မှု မရှိလျှင်ပင် အိမ်နီးချင်း နိုင်ငံများရှိ တချို့နိုင်ငံများသည် ရွေးကောက်ပွဲ၏ တရားဝင်မှုကို ‘အသိအမှတ်ပြု’ ရန် အဆင်သင့်ဖြစ်နေကြောင်း လေ့လာသူများက ဆိုကြသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံတွင် တည်ငြိမ်မှုနှင့် နိုင်ငံရေးအပြောင်းအလဲကို မြင်လိုကြသည်။


သို့သော် ဤသည်မှာ အားလုံးကို ခြုံငုံသော ဇာတ်လမ်းတစ်ခု မဟုတ်ပါ။ နိုင်ငံ၏ နေရာများစွာကို အုပ်ချုပ်နေသော အဓိက အတိုက်အခံ နှင့် တိုင်းရင်းသားအဖွဲ့အစည်းများရှိပြီး၊ ထိုအဖွဲ့များသည် ဒီဇင်ဘာလရွေးကောက်ပွဲကို ထောက်ခံမည်မဟုတ်ကြောင်း အများပြည်သူသိ ကြေညာထားကြသည်။ ထိုရွေးကောက်ပွဲသည် မြန်မာစစ်တပ်မှ တရားမဝင် (illegitimate) နှင့် ဥပဒေအရမဟုတ် (illegal) သော နည်းလမ်းများဖြင့် အာဏာဆက်လက်ထိန်းသိမ်းရန် ကြိုးစားမှုသာ ဖြစ်သောကြောင်း ထိုအဖွဲ့များအနေဖြင့် ငြင်းဆန်ထားခြင်းဖြစ်သည်။


အဓိကဦးဆောင်သော တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး (Karen National Union-KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (Kachin Independence Organization-KIO)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (Palaung State Liberation Front-PSLF)၊ (ကိုကန့်) မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army-MNDAA)၊ ချင်းအမျိုးသားတပ်ဦး (Chin National Front-CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni Nationalities Progressive Party-KNPP)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (Shan State Progressive Party-SSPP) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan-ULA) တို့ ပါဝင်သည်။


Powered by:
GetResponse