၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေး လေးနှစ်ကျော်အကြာ၌ နိုင်ငံတဝှမ်းရှိ လူမျိုးစုလက်နက်ကိုင်အဖွဲ့တို့တွင် စုံလင်ကွဲပြားသည့် ကိုယ်စီလားရာလမ်းကြောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာသည်။ အချို့ကမူ လက်နက်ကိုင်တော်လှန်ရေးကို ပြန်အသက်သွင်းပြီး ၎င်းတို့အာဏာပိုင်နက်ကို ချဲ့ထွင်လာကြပေသည်။ သို့သော် မြန်မာနိုင်ငံ၏ ရှေးအကျဆုံးနှင့် နိုင်ငံရေးအနိုးကြားဆုံး လူမျိုးစုများအနက် တစ်ခုဖြစ်သော မွန်လူမျိုးတွင် တော်လှန်ရေးအမြတ်ဟူ၍ လက်ဆုပ်လက်ကိုင်ပြစရာ မည်မည်ရရ မရှိသေးပေ။ ငြင်းမရသည့်အမှန်တရားက စစ်အင်အားဆိုသည်မှာ ဒီမိုကရေစီနည်းကျသော ရည်မှန်းချက် မဟုတ်သည့်တိုင် လက်ရှိမြန်မာပြည်၏ နိုင်ငံရေးတွင် လူမျိုးစုကံကြမ္မာကို အဆုံးအဖြတ်ပေးလျက် ရှိနေသည်။ ဤမျက်နှာစာတွင် မွန်လူမျိုးသည် အရေးနိမ့်သွားပြီဖြစ်သည်။ ကြီးမြတ်မှုမှ သေးသိမ်မှုသို့
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရခါစ တိုင်းပြည်အနှံ့ ပြည်တွင်းစစ်မီးတောက်လာချိန် ခေတ်သစ် မွန်လက်နက်ကိုင်တော်လှန်ရေးသည်လည်း စတင်ပေါက်ဖွားခဲ့သည်။ ဆယ်နှစ်ဆယ်မိုးခန့် ကြာသည့် အခါ ၁၉၅၈ ခုနှစ်မှာ မွန်ပြည်သူ့တပ်ဦး (MPF) သည် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) အစိုးရ၏ ‘ဒီမိုကရေစီနှင့်လက်နက်ဖလှယ်ရေး’ ကမ်းလှမ်းချက်ကိုလက်ခံပြီး လက်နက်ချခဲ့သည်။ ထိုစဉ်က မွန်စစ်သည်အင်အား ၁၀,၀၀၀ ကျော် ရှိခဲ့သည်။ မွန်ပြည်သူ့တပ်ဦး၏ လက်နက်ကိုင်တော်လှန်ရေးအမွေဆက်ခံသည့် မွန်ပြည်သစ်ပါတီ (NMSP) သည် နှစ်ပေါင်း ၃၀ ကျော် ဆက်လက်တော်လှန်ခဲ့ပြီးမှ ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ မွန်ပြည်သစ်ပါတီလက်နက်ချစဉ်က တပ်ဖွဲ့ဝင် ၇,၀၀၀ ကျော် ရှိခဲ့ပါသေးသည်။ အနှစ်သုံးဆယ်ခန့် ကြာပြီးနောက် ယခုချိန်တွင် မွန်တပ်ဖွဲ့ဝင် ၇၀၀ ပြည့်ရန်ပင် အနိုင်နိုင်ဖြစ်နေပါပြီ။
လေ့ကျင့်ရေးစစ်သင်တန်း၊ နိုင်ငံရေးအသိပညာပေးသင်တန်းများစွာဖြင့် အင်အားပြန်လည် တည်ဆောက်နိုင်ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း မွန်ပြည်သစ်ပါတီ၏ တပ်ပိုင်းဆိုင်ရာ အံဝင် ခွင်ကျမှုသည် တဖြည်းဖြည်း တိုက်စားခံရပြီး တလိမ့်လိမ့် ပြိုဆင်းသွားခဲ့ရသည်။ ဤနေရာတွင် အစဉ်အလာနှင့် အလေ့အထကလည်း အရေးကြီးပါသေးသည်။ မြန်မာနိုင်ငံအနှံ့ရှိ အချို့သော လူမျိုးစုလက်နက်ကိုင်အဖွဲ့များနှင့်မတူ ခြားနားခြင်းတရပ်အနေဖြင့် မွန်တော်လှန်ရေးသည် တစ်မိသားစု တစ်ယောက် စစ်မှုမထမ်း မနေရဆိုသည့် ပြဋ္ဌာန်းချက်အမိန့် မကျင့်သုံးပေ။ ထို့အပြင် ရန်ကုန်နှင့် ပြည်ပထွက်ပြီး စီးပွားရှာသည့်အခွင့်အလမ်းများကလည်း ဆွဲဆောင်လာသည့်အခါ မွန်ပြည်သစ်ပါတီ အနေဖြင့် တပ်သားသစ်စုဆောင်းရန် အခက်အခဲရှိနေသည်။
သို့ပေမယ့်လည်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကဲ့သို့ အင်အားကြီးလူမျိုးစု လက်နက်ကိုင်အဖွဲ့တို့နှင့် မွန်တော်လှန်ရေးကို အဓိကကွာခြားစေသည်မှာ လူအင်အားချည်းမဟုတ်ဘဲ ဘဏ္ဍာငွေကြေးလည်း ပါဝင်သည်။ အကျိုးအမြတ်များသည့် သယံဇာတတူးဖော်ရေးလုပ်ငန်း သို့မဟုတ် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ဂိတ်တို့ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ရှည်ကြာလှသည့် စစ်ပွဲကြီးများ တိုက်ခိုက်နိုင်ရန် မွန်ပြည်သစ်ပါတီ၌ စီးပွားရေးအခံ ရှိမနေသေးပေ။ တစ်ပါးသူတို့နှင့်မတူဘဲ မွန်တို့အနေဖြင့် ကျောက်စိမ်း၊ မူးယစ်ဆေးဝါး သို့မဟုတ် လက်နက်မှောင်ခိုမှုအပေါ် မှီခိုပုံမရပေ။ ၎င်းအစား မွန်တို့၏ လွတ်မြောက်ရေးကြိုးပမ်းမှုသည် တော်သင့်ရုံမျှ အခွန်ကောက်၊ စေတနာ အလျှောက် လှူဒါန်းသည့်အပေါ်မှာသာ မှီခိုခဲ့ရသည်။ ၎င်းသည် ပြည်တွင်းစစ်မီး လောင်ကျွမ်းနေသည့် တိုင်းပြည်၌ ပျော့ပျောင်းလွန်းပြီး ရေရှည်မတည်တံ့သည့် စစ်ဘဏ္ဍာပုံစံမျိုး ဖြစ်နေပါသည်။ ဆန့်ကျင်ဘက်အားဖြင့် အိမ်နီးချင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ကမူ အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း စစ်အာဏာရှင်တွန်းလှန်လိုစိတ်ပြင်းထန်သည့် လူငယ်ထောင်ပေါင်းများစွာကို ၎င်းတို့ လက်နက်ကိုင်တပ်ဖွဲ့အတွင်း ခေါ်ယူစုဆောင်းပြီး အင်အားတည်ဆောက်လာနိုင်ခဲ့သည်။ ယခုအချိန်တွင် တပ်ရင်းတပ်ဖွဲ့အသစ်များစွာ ထပ်တိုးဖွဲ့စည်းရန်ပင် အင်အားအလုံအလောက် ရှိသွားပြီဖြစ်သည်။ ဤဖြစ်ထွန်းမှုကို မွန်ခေါင်းဆောင်တို့က ဘေးနားမှနေပြီး တသသဖြင့် ထိုင်ကြည့်နေရပါသည်။
|